CORRUPTION AND DEMOCRACY အဂတိလိုက်စားမှု၊ အကျင့်စာရိတ္တပျက်ပြားမှု၊ အကျင့်ပျက်ချစားမှုများ




|| ဒေါက်တာခင်မောင်ညို ||

အကျင့်ပျက်ခြစားမှုများ

ကျွန်တော်တို့ ဒီမိုကရေစီတွင် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ဖို့ လိုသည်။ ထို့ကြောင့် အစိုးရသစ်တက်လာသော ပထမဆုံးနေ့ (ဧပြီ ၁ ရက်နေ့စွဲဖြင့်) လက်ဆောင်ပစ္စည်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့သည်။ သဘောကျစရာ ကောင်းပါသည်။ ဘယ်လိုပင် တားဆီးသော်လည်း လူတွေကိုယ်တိုင် စိတ်ကောင်း စေတနာကောင်း မထားပါက ယိုပေါက်ဟပေါက်များစွာမှ လွတ်ထွက်သွားမည်ဖြစ်သည်။ ထိုအပေါက်များကို Leak ဟု ခေါ်၏။ ယိုစိမ့်မှုဟု ဘာသာပြန်နိုင်ပါသည်။ ထို Leak ထဲတွင် Wikileak သည် ၂၀၁၃ ခုနှစ်က ပြသ၁နာများစွာ တက်ခဲ့သည်။ Snowdown သည် CIA ၏ အရှုပ်တော်ပုံများကို ဖွင့်ချခဲ့ရာ တစ်ကမ္ဘာလုံး ပွတ်လောရိုက်သွားပါသည်။ ယနေ့ Leak ကတော့ Panama Paper Leak ဖြစ်သည်။ Panama Paper Leak ဆိုသည်မှာ ပနားမားနိုင်ငံရှိ နိုင်ငံအများ၏ ငွေကြေး ခ၀ါချသော ပြသ၁နာဖြစ်၍ ဒါကို ပြီးခဲ့သည့်အပတ်က စပြီး ဖော်ထုတ်ခဲ့သည်။ ထိုကိစ္စကို ပနားမားစာရွက်စာတမ်းများ (Panama Papers) ဟု ခေါ်သည်။

ထိုစာရွက်စာတမ်းများမှာ အရေအတွက်အားဖြင့် ၁၁.၅ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အဆမတန် များပြားပါသည်။ အချို့က ထိုပမာဏသည် တစ်ကမ္ဘာလုံးရှိ ပစ္စည်းများကို ၀ယ်ယူနိုင်လောက်အောင် များပြားသည်ဟု ဆို၏။ ထိုစာရွက်စာတမ်းများသည် စာချုပ်များဖြစ်၍ ပြည်ပ - ကမ်းလွန်ကုမ္ပဏီ ၂၁၄,၀၀၀ ( offshore companies ) အတွက် ဖြစ်သည်။ အဆိုပါ စာရွက်များအားလုံးသည် အတုများဖြစ်၍ ကုမ္ပဏီ ဒါရိုက်တာ၊ မန်နေဂျာ၊ ၀န်ထမ်းများနှင့် အစုရှယ်ယာ ပိုင်ဆိုင်သူများ ပါဝင်သည်။

ထိုစာရွက်စာတမ်းများ ထိုအကြောင်းကို နိုင်ငံ ၈၀ မှ သတင်းဌာနပေါင်း ၁၀၇ ခုက ဆန်းစစ် လေ့လာနေပါသည်။ ထိုသတင်းကို ရေးသားနေသည့် ဂျာနစ်လစ် လေးရာကျော်ရှိ၍ ဧပြီ ၃ ရက်နေ့က သတင်း ၁၄၉ ခုကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ယနေ့သတင်းစာမျက်နှာများတွင် ပလူပျံကာ အထူးသတင်းဖြစ်သည်က ပနားမားစာရွက်စာတမ်းများ (Panama Papers) ပင်ဖြစ်သည်။

ကုမ္ပဏီအားလုံး၏ စာရင်းကိုတော့ ၂၀၁၆ မေလဆန်းပိုင်းတွင် ထုတ်ပြန်နိုင်မည်ဟုဆိုသည်။ ငွေကြေး ခ၀ါချသော ထိုလုပ်ငန်းကို ပနားမားကော်ပရိတ်မှ Mossack Fonseca က စီမံပေးသည်။ ထိုငွေကြေးခ၀ါချရန် ဆောင်ရွက်ထားသော ကုမ္ပဏီများတွင် အာဂျင်တီးနား၊ အိုင်စလန်၊ ဆော်ဒီအာရေဗျ၊ ယူကရိန်းနှင့် ယူအေအီးတို့မှ ခေါင်းဆောင်အမည်များ ပါဝင်နေသည်။ ဆိုလိုသည်မှာ သူတို့ အမည်များဖြင့် ငွေကြေးခ၀ါချသည့် ကုမ္ပဏီများ တည်ထောင်ထားခြင်းဖြစ်သည်။ နောက်ထပ် နိုင်ငံလေးဆယ်ကျော်ကတော့ ဆွေမျိုးအမည်များဖြင့် တည်ထောင်ထားသော ကုမ္ပဏီများ ပိုင်ကြသည်။ ထိုနိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ ယူကေ တို့လည်း ပါဝင်နေသည်။ ယနေ့ အိုင်စလန်တွင် ၀န်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒပြနေပါသည်။ ရုရှားကတော့ သူတို့သမ္မတ ပူတင်ကို ခက်ခဲအောင်လုပ်နေကြောင်း စွဲချက်တင်နေပါသည်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကတော့ သူကိုယ်တိုင် မပါဝင်သော်လည်း သူ့ဖခင် အီယင်ကင်မရွန်သည် ၁၉၈၂ မှ သူကွယ်လွန်သည့် ၂၀၁၀ ထိ ပနားမားအခြေခံ ပနားမားကော်ပရိတ်မှ Mossack Fonseca က စီမံပေးသည့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။
 

ယိုပေါက်ဟပေါက်

တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ ဗြိတိသျှ စသော နိုင်ငံ လေးဆယ်ကျော်မှ နိုင်ငံ့ခေါင်းဆောင်များသည် ဆွေမျိုးအမည်များဖြင့် တည်ထောင်ထားသော Off- Shore ကုမ္ပဏီများ ပိုင်ကြသည်။ ပနားမားကုမ္ပဏီက ထိုကုမ္ပဏီများကို ပြည်ပတွင် မှတ်ပုံတင်ကာ တရားဝင်ဖြစ်အောင် စီမံဆောင်ရွက်ထားပေးသည်။ ထိုနိုင်ငံခေါင်းဆောင်များသည် ကိုယ်တိုင် လာဘ်စားစရာမလိုပေ။ ယိုပေါက်ဟပေါက် ရှာရုံသာဖြစ်သည်။

“ကျွန်တော် ..... ကုမ္ပဏီကပါ။ မိုးပျံတံတား ဆောက်ချင်လို့ပါ”

“မင်း အတွေ့အကြုံရှိလား”

“မရှိဘူး”

“ဒါပေမဲ့ ထောက်ခံစာတွေပါတယ်”

“ပြပါဦး”

လုပ်ငန်းရှင်က စာရွက်တွေပြသည်။

“ငါ့တူမ ရှိတဲ့ အဲဒီကုမ္ပဏီက ထောက်ခံတာလား၊ မဖြစ်ပါဘူး။ ငါက ကင်းကင်းနေတာ”

“သိပါတယ်ဝန်ကြီး၊ အဲဒီကုမ္ပဏီက အင်မတန်ခိုင်မာတာ၊ ကျွန်တော်တောင် ရှယ်ယာဒေါ်လာတစ်သိန်းဖိုး ၀ယ်ဖို့ စီမံနေတာ”

“အေးလေ၊ ဒီကိစ္စတို့နောက် ဆွေးနွေးသေးတာပေါ့။ ဒီနေ့တော့ အလုပ်တွေ ကျန်သေးလို့”

“သူ ဒီလောက်ပြောလျှင် လုပ်ငန်းရှင် သဘောပေါက်ပါသည်။

ဒေါ်လာတစ်သိန်းဝင်သွားသည့်အခါ သူကန်ထရိုက်ရသွားလေသည်။ ဒေါ်လာသန်းပေါင်းများစွာသည် Off-shore ကုမ္ပဏီများထဲသို့ ၀င်သွားတော့သည်။

“ဒါ ကျွန်တော်လုပ်တာ မဟုတ်ဘူး။ ကျွန်တော့်သား လုပ်တာပါ။ သူက ကြိုးစားတယ်။ သြစတြေးလျမှာ ကုမ္ပဏီ ထောင်ပြီး ကြီးပွားသွားတာ”

ထိုစကားမျိုးက ပိုကြားဖူးပါသည်။ သတင်းစာ ဂျာနယ် အင်တာဗျူးတွေမှာ လူကြီးတွေပြောတာ မှတ်သားရဖူးပါသည်။

  နောက်ဟပေါက်တစ်ခု


လာဘ်ပေးလာဘ်ယူကိစ္စသည် တားရဆီးရ အတော်ခက်သည်။ ဟပေါက် ယိုပေါက်များစွာရှိသည်။ နောက်တစ်ခုကတော့ နှစ်သောင်းခွဲထက် ပိုမပေးရသော ကိစ္စဖြစ်သည်။ ဒါလည်းရပါသည်။

အနောက်တိုင်းဟာသတွင် ဖြစ်သည်။
“၀န်ကြီး၊ ကျွန်တော်တို့ ကားကုမ္ပဏီကို ကြွလာတာ ကျေးဇူးတင်ပါတယ်”

“ရပါတယ်။ ခင်ဗျားတို့က ဟိုဘက်ကမြေမှာ စက်ရုံဆောက်မလို့ဆို”

“မှန်ပါတယ်”

“ခင်ဗျားတို့ဟာ ရေတွေသုံး၊ ဆူညံမှုတွေလုပ်ရင် ပတ်ဝန်းကျင်က လက်မခံဘူး”

“ကျွန်တော်တို့ လျှော့ပါမယ်”

“ဒါပေမဲ့ ဟိုဘက်ရပ်ကွက်က ကန့်ကွက်စာ ငါ့ဆီရောက်နေတယ်”

“ကျွန်တော်တို့က လူကြီးတွေအတွက် ကားအကောင်းစားတွေ ထုတ်နေတာပါ”

“လူကြီးတွေအတွက် ဟုတ်လား”

“ဟုတ်ပါတယ်။ ၀န်ကြီးဒီဘက်ကို လိုက်ကြည့်ပါလား”

“အင်း၊ မဆိုးဘူးကွ၊ ဒါမင်းတို့ ကုမ္ပဏီက ထုတ်လား”

“ဟုတ်ပါတယ်”

“အရမ်းကောင်းတာပဲ၊ ငါတောင် လိုချင်လာပြီ”

“ရပါတယ် ၀န်ကြီး။ ဒီကားကို ကျွန်တော်တို့ လက်ဆောင်ပေးပါ့မယ်”

“ဟာ ဒီလိုတော့မလုပ်နဲ့”

“ဘာဖြစ်လို့လဲ”

“၀န်ကြီးတွေဟာ မိမိရာထူးအရ လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် ပေးတဲ့ လက်ဆောင်ပစ္စည်းကို မယူရဘူးကွ”

“ဟုတ်ကဲ့ဝန်ကြီး၊ ကျွန်တော်တို့က ၀န်ကြီးကို လက်ဆောင်မပေးတော့ပါဘူး။ ရောင်းပဲရောင်းမှာပါ”

“ဟေ၊ ငါက ၀န်ကြီးပေမယ့် ဆင်းရဲတယ်ကွ၊ ဒီလောက်ဈေးကြီးတဲ့ကား မ၀ယ်နိုင်ဘူး”

“ရပါတယ်ဝန်ကြီး၊ ဒီကားကို ကျွန်တော်တို့က Special Edition အနေနဲ့ တစ်စီးကို တစ်ဒေါ်လာနဲ့ပဲ ရောင်းတာပါ”

“ဟေ၊ ဟုတ်လား”

“ဟုတ်ပါတယ်ဝန်ကြီး တစ်ဒေါ်လာပဲပေးပါ”

“ဒါဆိုလည်း နှစ်စီးလုပ်လိုက်ကွာ” တဲ့။

ဟာသဖြစ်သော်လည်း တကယ်ဖြစ်တာတွေ အများကြီးရှိသည်။

*** သတိပြုဖွယ် ***

တကယ်တော့ လာဘ်ပေးလာဘ်ယူသည် ပေးသူနှင့်ယူသူ ကြည်ဖြူရုံကိစ္စ မဟုတ်ပါ။ သူ့နောက်ကွယ်တွင် ပြသ၁နာများစွာ ရှိပါသည်။ တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုနိုင်သည်။ ငွေများ၍ တရားနိုင်ပါသည်။ ဥပမာတစ်ခုပါ တင်ပြပါမည်။

မြန်မာပြည်က ဟိုတယ်တစ်ခုနှင့် ဂျပန်က ဟိုတယ်တစ်ခုကို နှိုင်းကြည့်ပါ။ သူတို့ဆီက ဟိုတယ်ခသည် ကျွန်တော်တို့ဆီက ဟိုတယ်ခနှင့် မကွာလှပါ။ ၀န်ဆောင်မှုလည်း မကွာခြားပါ။ သို့သော် ကျွန်တော်တို့ဆီက အောက်ခြေ၀န်ထမ်းတစ်ယောက်သည် ဂျပန်အောက်ခြေ၀န်ထမ်းလစာထက် အဆ ၂၀ ကျော် နည်းနေသည်။

ကျွန်တော်စုံစမ်းကြည့်သည်။

ဘာကြောင့်လဲ။

“ကျွန်တော်က under table ပေးနေရတာ အများကြီးပဲ” တဲ့။

ဒါက နေရာတကာမှာ ရှိနိုင်ပါသည်။ လာဘ်ပေးလာဘ်ယူကြောင့် ၀န်ထမ်းလစာ အပြည့်အ၀မရပါ။ ထို့ကြောင့် သူသည် ခြိုးခြံချွေတာရသည်။ သူ၏ သားသမီးတွေကို ကျောင်းကောင်းကောင်း မထားနိုင်ပါ။ ပညာပြီးဆုံးသည်အထိ မသင်ပေးနိုင်ပါ။ ဒီအတိုင်းပါပဲ ၀န်ထမ်းများသည် ဆိုင်မှ ပစ္စည်းများ ကောင်းကောင်း မ၀ယ်နိုင်၊ မသုံးနိုင်ပါ။ ဈေးဆိုင်များက ပိုက်ဆံများများမရပါ။ သူတို့ သားသမီးတွေကို ကျောင်းကောင်းကောင်း မထားနိုင်ပါ။ ပညာပြီးဆုံးသည်အထိ မသင်ပေးနိုင်ပါ။ အလုပ်ထွက် လုပ်ခိုင်းရသည်။ တိုင်းပြည်မှာ ပညာတတ်တွေ နည်းကုန်သည်။

ဂျပန်လိုကျတော့ အလုပ်ကို ကြိုးစားလုပ်ရသည်။ အိမ်ပြန်လျှင် ထမင်းချက်မစားတော့ ဆိုင်မှာစားသည်။ ဆိုင်က လူတွေ ၀င်ငွေကောင်းသည်။ သားသမီးတွေကို ပညာပြီးဆုံးသည်အထိ ကျောင်းထားနိုင်သည်။ ဤသည်ကား ယေဘုယျပြောခြင်းသာ ဖြစ်သည်။ လက်တွေ့တွင် အကျင့်ပျက်လာဘ်စားမှုသည် တစ်ပြည်လုံးကို ဖျက်ဆီးပစ်နေသည့် ဗိုင်းရပ်စ်သာဖြစ်တော့သည်။ တာဝန်ရှိသူများ ကိုယ်တိုင်ဆင်ခြင်နိုင်ကြပါစေ။

ဒေါက်တာခင်မောင်ညို
The Ladies News

No comments

Powered by Blogger.