ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းရှင်းလင်းချက်နှင့် ပတ်သက်၍ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်မတော်၏ သဘောထား

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းရှင်းလင်းချက်နှင့် ပတ်သက်၍ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်မတော်၏ သဘောထား

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်

အမှတ်၊ ၈/၂၀၁၆
၁၃၇၈-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၃) ရက်
၂၀၁၆-ခုနှစ်၊ မေလ (၅) ရက်
၂၀၁၆ ခုနှစ်၊ မေလ (၃) ရက်နေ့၌ အမျိုးသား လွှတ်တော် အစည်းအဝေးအတွင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၏ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင် တင်သွင်းသည့် အဆိုနှင့်ပတ်သက်၍ ရှင်းလင်းချက်များကို ကြားသိရပါသည်။
ULA/AA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်၏ ရပ်တည်ချက်နှင့် အမျိုးသားအခွင့်အရေးဆိုင်ရာ တောင်းဆိုချက်များ၊ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားရင်ကြားစေ့ ရေးနှင့်သက်ဆိုင်သည့် အဆိုပြုချက်ကို “ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ” ဟု တင်စားထားသော အမျိုးသားလွှတ်တော်မှ မှတ်တမ်းတင် ဂျောင်ထိုး အဆင့်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ပြည်သူတို့၏ စစ်မှန်သောမျှော်လင့်ချက်၊ အသံ၊ ဆန္ဒ နှင့် လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှလည်း အမျိုးသား ရင်ကြားစေ့ရေးကိုလိုလားသော တိုင်းရင်းသား တို့၏ လုပ်ဆောင်ချက်များကို တားမြစ်ရုံသာမက ဆန္ဒစွဲဖြင့် ပြောဆိုရှင်းလင်းသွားသည်မှာ ဖက်ဒရယ်ပြည်ထောင်စုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်မည်ဟု ကြွေးကြော်နေသော လက်ရှိအစိုးရ၏ လမ်းစဉ်၊ မူဝါဒ၊ ၂၁ ရာစု ပင်လုံညီလာခံ မျှော်လင့်ချက်များနှင့် ဆန့်ကျင်သွေဖည်ကာ မသင့်မလျော်သော ဆုံးဖြတ်ချက်မျိုးသာဖြစ် သည်ဟု မိမိတို့အနေဖြင့် မှတ်ယူသည်။
ဤကဲ့သို့ အသုံးအနှုန်း၊ အပြောအဆိုများသည် အမျိုးသားရင်ကြားစေ့ရေးခရီးကို ချီတက်ရာတွင် တားဆီးပိတ်ပင်နေလိမ့်မည်ဟု သုံးသပ်မိသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် တည်ဆောက်ထားသော လွှတ်တော်ထဲ၌ တိုင်းရင်းသားအခွင့်အရေး နှင့် ရပိုင်ခွင့်တောင်း ဆိုမှုများမှာ ရေရှည်တွင် ကောင်းမွန်သော အလေ့အထမျိုး ဖြစ်ထွန်းလာမည် မဟုတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းနှင့် ဆန့်ကျင်နေပါ သည်။ ထို့အပြင် မြန်မာစစ်တပ်မှ အမျိုးသား လွှတ်တော်ထဲ၌ ဤကဲ့သို့ ဗြောင်ကျကျ ခြိမ်းခြောက်နေခြင်းမှာ ရခိုင်လူထုတစ်ရပ်လုံး အားလက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းထဲသို့ တွန်းပို့နေခြင်းနှင့်တူ သည့်အပြင် ရခိုင်လူမျိုးများအား ပြည်ထောင်စုမှ ဝေးရာဆီကို တွန်းပို့နေသည်နှင့်လည်း တူနေပါ သည်။
အခြားတစ်ဖက်တွင် ရခိုင်ဒေသတိုက်ပွဲများမှာ ရက္ခိုင့်တပ်မတော်မှ မြန်မာစစ်တပ်အား သွားရောက်တိုက်ခိုက်ခြင်း မဟုတ်ဘဲ မိမိတို့ အမှတ်(၂) စစ်ဒေသ အခြေစိုက်ရာနယ်မြေသို့ မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းသုံးကာ အမြစ်ပြတ်ချေမှုန်းရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက် လာသောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာရခြင်းသာဖြစ်သည်ကို လက်ရှိအစိုးရ၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အပါအဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်စလုံးမှ သိရှိစေလိုပါသည်။ ယနေ့အချိန်ထိလည်း မြန်မာစစ်တပ်သည် စစ်အင်အားများကို တစ်ရက်ပြီးတစ်ရက် ဆက်လက်တိုးမြှင့် လုပ်ဆောင်လျှက်ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းသာဖြစ်သည်။
ထို့အပြင် မြန်မာစစ်တပ်သည် ၎င်းတို့စစ်ဆင် ရေးပြုလုပ်ရာနယ်မြေများတွင် အပြစ်မဲ့အရပ်သား များအား စစ်ဆေးခြင်းမရှိဘဲ လူသားမဆန်စွာ နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူလူထုများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာသူရွာသားများ ထံမှ စားနပ်ရိက္ခာ၊ပစ္စည်းဥစ္စာနှင့် ကျွဲနွားတိရိစ္ဆာန် များကို ခြိမ်းခြောက်ယူငင်ခြင်းများကိုလည်း ဆက်လက်ပြုလုပ်နေဆဲပင်ဖြစ်သည်။ ဤကဲ့သို့သော မြန်မာစစ်တပ်၏ လုပ်ရပ်များကို လက်ရှိအစိုးရအနေဖြင့် တားမြစ်သင့်ပါသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော ပြဿနာများမှာ နိုင်ငံရေးကို အခြေခံ၍ဖြစ်ပေါ်လာသော ပြဿနာများ သာဖြစ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို မိမိတို့အနေဖြင့် လိုလားပါသည်။ ဤကဲ့သို့ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းလိုစိတ်မရှိဘဲ အင်အားအလွန်အကျွံ သုံးကာ အမြစ်ပြတ်ချေမှုန်းရေး၊ လက်နက်စွန့် လွှတ်ရေး အကြောင်းအရာများကို ပြောဆိုနေခြင်း မှာ ယခင်အာဏာရှင် စစ်အစိုးရလက်ထက်မှ နည်းလမ်းဟောင်းများအတိုင်း မပြောင်းလဲသေး သည့် တာဝန်မဲ့ပြောဆိုမှုများ၊ အသုံးအနှုန်း၊ လုပ်ထုံးလုပ်နည်းများသာဖြစ်ကြောင်း မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်
(ULA/AA) ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

Email : unitedleagueofarakan@yahoo.com
ဆက်သွယ်ရန်ဖုန်း - + ၈၆ ၁၅၇၀ ၆၉၂၄ ၉၇၀
+ ၉၁ ၉၇၇ ၄၉၅ ၃၂၃၄

No comments

Powered by Blogger.