အစိုးရသစ်ကို ခေါင်းကိုက်စေသည့် စစ်ရေးကျယ်လာသော ရခိုင်ပြည်နယ်

အစိုးရသစ်ကို ခေါင်းကိုက်စေသည့် စစ်ရေးကျယ်လာသော ရခိုင်ပြည်နယ်

Byအောင်ခိုင်
7days Daily
5.May.2016
=============================
Arakan Army













သမိုင်းနှင့်ချီသည့် ပြဿနာများဖြေရှင်းရန် ကျန်ရှိနေပြီး အကဲဆတ်ဒေသအဖြစ် သတ်မှတ်ထားသော ရခိုင်ပြည်နယ်တွင် စစ်မီးအရှိန်မှာ တဖြည်းဖြည်းကျယ်ပြန့်လာသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသော စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း တဖြည်းဖြည်းပိုများလာနေသည်။











ဒီမိုကရေစီအရပ်သားအစိုးရ အာဏာလွှဲပြောင်းရယူ၍ တစ်လမပြည့်မီမှာပင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ ရခိုင်ဒေသအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများသည် အစိုးရသစ်လက်ထက်တွင် အပြင်းထန်ဆုံးဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
ယခင်အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများအပြင် လတ်တလောတောက်လောင်နေသည့် စစ်မီးများက ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးဖြစ်သော အနောက်တံခါးမှ ဒေသခံပြည်သူများအတွက် တစ်ပူပေါ်နှစ် ပူဆင့်ဖြစ်စေခဲ့သည်။
တပ်မတော်နှင့် AA တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စပ်လျဉ်း၍လည်း မေးခွန်းထုတ်မှုများ ထွက်ပေါ်နေသည်။ စစ်ပွဲကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် အဖြေရှာကြရန် ပြည်သူများက လိုလားနေကြသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခြင်းမရှိသည်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကာလများက တပ်မတော်နှင့် ရခိုင်ကွန်မြူနစ်ပါတီတို့ ဖရုံကာကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနောက်ပိုင်း၌ AA နှင့် ပြန်လည်ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများသည် အပြင်းထန်ဆုံးဖြစ်ကြောင်း ရခိုင်အရေးကျွမ်းကျင်သူများက သုံးသပ်သည်။
‘‘ရမ်းချောင်းမှာ စဖြစ်ခဲ့တဲ့တိုက်ပွဲက တစ်ကျော့ပြန်အပြင်းထန်ဆုံးပြန်ဖြစ်တဲ့တိုက်ပွဲပဲ’’ဟု ရခိုင်အရေးကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။
ရမ်းချောင်းတိုက်ပွဲသည် ယခင်အစိုးရလက်ထက် ၂၀၁၅ ဧပြီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်နှင့် လတ်တလောတိုက်ပွဲများ ဖြစ်ပွားနေသည့် AA ကို ၂၀၀၉ က ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဖြစ်သည်။ AA စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ဖြစ်ပြီး ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာတွင် အဓိကအခြေစိုက်သည်။ AAတပ်ဖွဲ့ဝင် ထက်ဝက်ကျော်ကို ကေအိုင်အေက လေ့ကျင့်ပေးထားခြင်းဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာသည့် Myan-mar Peace Monitor စစ်တမ်းများက ဆိုသည်။ AA တပ်ဖွဲ့ဝင်အင်အားကို တရားဝင်ထုတ်ဖော်ပြောကြားမှုများ မရှိသော်လည်း သုံးထောင်ခန့်အနိမ့်ဆုံးရှိမည်ဟု စောင့်ကြည့်လေ့လာသူများက ခန့်မှန်းသည်။
AA သည် ကေအိုင်အေ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့နှင့် အဓိက မဟာမိတ်လည်းဖြစ်သည်။ ၂၀၁၁ အတွင်း မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် AA တပ်ဖွဲ့များက ကေအိုင်အေဘက်မှ ၀င်ရောက်တိုက်ခိုက်ပေးခဲ့ကြောင်း Myan-mar Peace Monitor က ဆိုသည်။သို့သော် AA သည် ကေအိုင်အိုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) တွင် ပါဝင်ခြင်းမရှိပေ။ မကြာသေးမီက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော UNFC အရေးပေါ်အစည်းအဝေး၌ AA ကိုနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ DPN ကိုအစိုးရသစ်လက်ထက် နိုင်ငံရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားများဘက်က ဦးဆောင်ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့အဖြစ် UNFC က ဖွဲ့စည်းထားခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရဘက်က AA ကို အသိအမှတ်မပြုခဲ့ပေ။ တိုတောင်းလှသည့် ကာလအတွင်း AA ၏ လူသူ၊ လက်နက်အင်အားကြီးထွားလာမှုနှင့် ပတ်သက်၍ တရုတ်နယ်စပ်အခြေစိုက်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ဝေဖန်စွပ်စွဲမှုများလည်းရှိနေသည်။
AA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခြင်းမရှိသော်လည်း ယခင်အစိုးရလက်ထက် ၂၀၁၄ အတွင်းက ကျောက်ဖြူမြို့ တွင် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရရှိခဲ့သည်။ AA ခေါင်းဆောင်များ ညီလာခံတက်ရောက်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ဆောင်ရွက်ခဲ့သူများက ဆိုသည်။
တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အသိုင်းအ၀ိုင်းနှစ်ခုစလုံးနှင့် နီးစပ်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်လေ့လာသူတစ်ဦးက AA အနေဖြင့် ယင်းအချိန်ကပင် ရခိုင်ဒေသအတွင်း ၀င်ရောက်အခြေချရန် လမ်းကြောင်းများ တည်ဆောက်ခဲ့ကြောင်း ပြောသည်။
‘‘တပ်မတော်ဘက်က ကြည့်ရင် ရခိုင်လိုဒေသမှာ ဘယ်လက်နက်ကိုင်အဖွဲ့မှ ခြေကုပ်ယူတာ လက်ခံမှာ မဟုတ်ဘူး။ သူတို့က လုံခြုံရေးအမြင်အရကြည့်တာ’’ ဟု အထက်ပါလေ့လာသူက ဆိုသည်။
AA ခေါင်းဆောင်များကမူ ရခိုင်တစ်မျိုးသားလုံးအကျိုးစီးပွား၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုတို့အတွက် ရက္ခိုင့်တပ်မတော်က ရခိုင်လူထုကိုယ်စားတောင်းဆိုတိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော်အခြေချခွင့်ရှိကြောင်း AA က ဆိုသည်။
ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ လားဟူအဖွဲ့ (LDU)၊ ‘၀’အမျိုးသားအဖွဲ့ချုပ် (WNO) တို့ကို တရားဝင်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားခြင်းမရှိပေ။ ထို့အပြင် AAနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်ဘက်က တရားဝင်ထုတ်ပြန်ချက်များတွင်လည်း AA အဖွဲ့ကို ‘‘သောင်းကျန်းသူ’’ ဟုသာ သုံးနှုန်းပြီး အမြစ်ပြတ်ချေမှုန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အတိအလင်းဖော်ပြခဲ့သည်။
ကချင်ဒေသအဓိကအခြေစိုက် AA နှင့် တပ်မတော်တို့ ရခိုင်ဒေသအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများက ၂၀၁၅ မတ်လနှောင်းပိုင်းတွင် ဖြစ်သည်။ အစိုးရသစ်လွှဲပြောင်းတာဝန်ရယူပြီး နှစ်ပတ်ခန့်အကြာ ၂၀၁၆ ဧပြီ ၁၆ ရက်မှစ၍ မြန်မာ့တပ်မတော်နှင့် AAတို့ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များအတွင်း တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရသစ်လက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အသိအမှတ်ပြုခံလို၍ AA အနေဖြင့် နိုင်ငံရေးရည်မှန်းချက်ဖြင့် လှုပ်ရှားခြင်းဖြစ်ကြောင်း သုံးသပ်မှု၊ စွပ်စွဲမှုများရှိသည်။
ရခိုင်အရေးလေ့လာသူတစ်ဦးက သူ၏အမြင်ကို ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘တိုက်ပွဲက ဦးသိန်းစိန်အစိုးရလက်ထက်မှာကတည်းက စဖြစ်တာ။ အဓိကကတော့ တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ မညီမျှ မှု၊ ဖိနှိပ်ခံရမှုတွေကြောင့်ပါ’’ဟု ၎င်းက ဆိုသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်ခဲ့ခြင်းမရှိသည့် AA က အစိုးရသစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ သဘောထားထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားများဘက်က အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားသည်။ အဖွဲ့ဝင်အားလုံးမပါဝင်သည့်အတွက် NCA ကို ကေအိုင်အေအပါအ၀င် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်မရေးထိုးခဲ့ခြင်းဖြစ်သည်။ NCA ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော် (DKBA)၊ ရှမ်းပြည်နယ်တပ်မတော် (တောင်ပိုင်း) တို့ကိုသာ လေ့လာသူများက အင်အားကြီးဟု သတ်မှတ်ထားသည်။
မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲဂယက်သည် တဖြည်းဖြည်းကျယ်ပြန့်၍လာနေသည်။ မေလ ၂ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ပြီး AA တပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က တင်သွင်းခဲ့သည်။
AA တပ်မတော်ဆိုသည့် အသုံးအနှုန်းကို တပ်မတော်သား ကိုယ်စားလှယ်ဘက်က ကန့်ကွက်ခဲ့ပြီး သောင်းကျန်းသူအဖွဲ့အစည်းသာဖြစ်သည်ဟု ဆိုခဲ့၍ လွှတ်တော်ဥက္ကဋ္ဌက လက်နက်ကိုင်အဖွဲ့ဟု ပြင်ဆင်ခဲ့သည်။ ထို့အပြင်တပ်မတော်ကိုယ်စားလှယ်ဘက်က အရေးကြီးအဆိုတင်သွင်းခြင်းထက် လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ ပူးပေါင်းဆောင်ရွက်ရန်သာ ပြောဆိုခဲ့သည်။ အကြိတ်အနယ်ဆွေးနွေးမှုများအပြီး အရေးကြီးအဆိုကို ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံ မဲများသည့်အတွက် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် လွှတ်တော်တွင် ရခိုင်တိုက်ပွဲနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆွေးနွေးပြီး မည်သည့်ရလဒ်ထွက်ပေါ်လာမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
တစ်ကျော့ပြန်စတင်ခဲ့သည့် တိုက်ပွဲများကြောင့် မြေစာပင်ဖြစ်ခဲ့ရသည့် ဒေသခံပြည်သူအရေအတွက်က တဖြည်းဖြည်းမြင့် တက်နေဆဲဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်ပတ်ခန့်ကာလအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁,၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကုလကထုတ်ပြန်ထားသည်။
စစ်တွေဒေသခံ ဦးသန်းထွန်းက ‘‘အသိအမှတ်ပြုပြီး စားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အမြန်ဆုံးညှိနှိုင်းဖြေရှင်းသင့်တယ်’’ ဟု မှတ်ချက်ပြုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်သင့်သည့် အဖွဲ့အစည်းအားလုံးပါဝင်ရေးနှင့် ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပနိုင်ရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
တပ်မတော်ကမူ AA ကို သောင်းကျန်းသူဟုသာ သဘောထားပြီး အမြစ်ပြတ်ချေမှုန်းမည်ဟု အတိအလင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများသည် အစိုးရသစ်အတွက် အထူးသတိထားကိုင်တွယ်ဖြေရှင်းရမည့် အရေးကြီးပုစ္ဆာတစ်ပုဒ်ဖြစ်လာသည်။
ပြည်သူများကမူ စစ်ပွဲများ အမြန်ရပ်တန့်စေလိုပြီး ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် မြို့ကိုးမြို့တွင် မေလ ၁ ရက်က ရခိုင်ဒေသစစ်ပွဲများ ရပ်တန့်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေးတို့အတွက် သောင်းနှင့်ချီသည့် ပြည်သူများကလည်း ပူပြင်းလှသည့် အပူရှိန်အောက်၌ ဆန္ဒဖော်ထုတ်ထားကြသည်။ ထို့ကြောင့် ပြည်သူများ၏ လိုလားမှုမှာ ငြိမ်းချမ်းရေးသာဖြစ်ပေသည်။

No comments

Powered by Blogger.