Daw Aung Sun Suu Kyi သို့ ပေးစာ
To
Noble Peace Prize winner-
Daw Aung Sun Suu Kyi
သို့
နိုဘယ် ငြိမ်းချမ်းဆုရှင် ဒေါ်အောင်ဆန်းစုကြည်
တိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း၊ သဘောတူညီခြင်းမည်၏ဟုအဆိုရှိ၏။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုင်းရင်းသား ဒေသများတွင်
အစိုးရတပ်ဖြစ်သော မြန်မာ့ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်
တော်လှန်ရေးတပ်များ နှစ်ပေါင်း ၁၀ စုများစွာ ကြာအောင်
တိုက်ခိုက်လာခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
ထိုဆိုးကျိုးများကြောင့်လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရသည်မှာ ကြာပင်ကြာငြားသော်လည်း ကမ္ဘာတွင် အဆင်းရဲဆုံး၊ အာရှတွင် အဆင်းရဲဆုံးအနိမ့်ကျဆုံး နိုင်ငံတစ်ခုသို့ကျရောက်ခဲ့ပြီး။ မြန်မာနိုင်ငံသားများသည် အနောက်တိုင်း အရှေ့တိုင်းများသို့ ထွက်ခွာပြီး ဝမ်းစာရေးအတွက် ကျွန်ခံနေကြရပြီ။
စာရိတ္တပိုင်းဆိုင်ရာကို လေ့လာကြည့်လျင်လည်း မုဒိန်းမှု၊ ခိုးမှု အကျင့်ပျက်ခြစားမှု များသည် အများဆုံးနိုင်ငံစာရင်းဝင်ဖြစ်သည်။
ထိုသို့ဖြစ်နေရခြင်းမှာ လူယုတ်မာတို့၏ တော်ခြင်း တတ်ခြင်းကြောင့်ကားမဟုတ်။ လူလိမ္မာ၊ လူတော်တို့၏ အသံတိတ်နေခြင်းကြောင့်သာဖြစ်သည်ဟု နပိုလီယံက မိန့်ဟဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အာဏာမရမီ ကျွန်မမှာ အာဏာမရှိ၍ ဘာမှ မလုပ်ပေးနိုင်ခြင်းဖြစ်သည်ဟု အာဏာမရမီ အချိန်အခါကာလက ပြောကြားခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ယနေ့ဖို့အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ၊ သမ္မတ၏ အတိုင်ပင်ခံ၊ ဝန်ကြီးဌာန လေးခု၏ ဝန်ကြီးရာထူးများကို ရရှိပြီး အာဏာရရှိပြီးဖြစ်ပါလျက် လက်ရှိ ရခိုင်ပြည်၌ ဖြစ်ပေါ်နေသော ပြည်တွင်းစစ် ပဋိပက္ခအရေးအား ဝင်ရောက်ပြောဆိုခြင်း၊ ဟန့်တားခြင်း တစ်စုံတရာပြုလုပ်ခြင်းမပြုသေးပေ။
လက်ရှိ ရခိုင်ပြည်တွင် ဖြစ်နေသော ရခိုင်တို့၏ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာ (ဗမာ့) တပ်မတော်တို့အကြား စစ်ပွဲတွင် မြန်မာ့တပ်မတော်မှ အပြစ်မဲ့ ရခိုင်ပြည်သူ/သာများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း သတ်ဖြတ်ခြင်းများကို ပြုနေသည်။
လူသားတစ်ယောက်ချင်းစီ၏ မွေးရာပါအခွင့်အရေးနဲ့ လူမျိုးတစ်မျိုး၏ ရသင့်ထိုက်သော အခွင့်အရေးများကိုလည်းချိုးဖောက်ရာရောက်ပြီး၊ မြန်မာစစ်တပ်၏ လုပ်ရပ်သည် လူသားဆန်သော လုပ်ရပ်မဟုတ်ကြောင်း သိသာထင်ရှားသည်။
ထိုသော အကြောင်းကြောင်းတို့ကြောင့် မြန်မာ့တပ်မတော်၏ လုပ်ရပ်တို့အား
ဒေါ်စုအနေနဲ့ တစ်စုံတစ်ရာ ဖြေရှင်းရန်ကြိုးစားမှုမပြုဘဲ တိတ်ဆိတ်နေခြင်းသည် တိုင်းရင်းသားတို့၏ အရေးအား မျက်ကွယ်ပြုရာရောက်သလို သူ့မအားပေးအပ်ခံထားရသော ဝတ္တရားကိုလည်း ပျက်ကွက်ရာရောက်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုအားလည်း တစ်ဖက်လှည့်ဖြင့် ချိုးဖောက်နေခြင်းဖြစ်သည်ဟု ပြည်သူ တစ်ယောက်အနေဖြင့် တင်ပြလိုက်ရပါသည်။
စစ်ဆိုသော စကားလုံးသည် ကမ္ဘာအရုပ်ဆိုးဆုံးစကားလုံးဖြစ်သောကြောင့်
ငါသည် မကြားလို မနာလိုပါ။ စစ်ဆိုသော စကားအား ဘယ်သောအခါမျှမကြားရလိုပါ၏။
လူသားတိုင်းစစ်ဘေးမှ ကင်းကြပါစေ။
Kularakkhita
22.4.2016

Leave a Comment